Local News

ရှမ်းပြည်နယ်(တောင်ပိုင်း) ထောပတ်သီးများထွက်ရှိ၍ ဈေးကွက်များသို့တင်ပို့

Last Updated:

ရှမ်းပြည်နယ်(တောင်ပိုင်း) ထောပတ်သီးများထွက်ရှိ၍ ဈေးကွက်များသို့တင်ပို့

ထောပတ်သီးများကို ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်များ၌ ယခင်ဒေသမျိုးများအပြင်၊ ၂၀၁၈ ခုနှစ်မှ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားမှ တင်သွင်းခဲ့သည့် နိုင်ငံတကာဈေးကွက်ဝင်  မျိုးများဖြစ်သည့် Hass, Bacon, Fuerte, Lamb Hass, Reed, Zutano  စသည့်မျိုးများကို ကိုင်းဆက်၍စတင်စိုက်ပျိုးခဲ့သည်။ စိုက်ပျိုးမှုဧကအနေဖြင့် (၁၀၀၀၀ မှ ၁၅၀၀၀)ခန့် စိုက်ပျိုးထားပြီး ယခုနှစ်တွင်ထွက်ရှိမှုမှာ တန်(၅၀၀ မှ ၁၀၀၀)ခန့် ထွက်ရှိနိုင်ကြောင်းသိရသည်။

ယခုကာလတွင် ကိုင်းဆက်စိုက်ပျိုးထားသည့် Hass ထောပတ်သီးမျိုးများမှာ ထွက်ရှိလာသဖြင့်  ပြည်တွင်းဈေးကွက်များသို့ အများပိုင်ကုမ္ပဏီ၊ အစုအဖွဲ့များ၊ ကိုယ်တိုင်စိုက်ပျိုးသည့်ခြံရှင်များမှ ကိုယ်ပိုင်အမှတ်တံဆိပ်များ၊ အိတ်စွပ်ခြင်း၊ စက္ကူဂျပ်ဖာများဖြင့် ထုပ်ပိုး၍ Online မှ ဈေးကွက်ရှာဖွေရောင်းချခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် အခြားမြို့ကြီးများသို့ တင်ပို့ရောင်းချကြသည်။ ဈေးနှုန်းအနေဖြင့် အသီးအရွယ်အစား၊ အနာအဆာများပေါ်မူတည်၍ တစ်ကီလိုလျှင် (၃၀၀၀ မှ ၅၀၀၀)ကျပ်ခန့်ရှိသည်။

ယခင်ဒေသသီးများမှာ ပုံမှန်ထွက်ရှိပြီး တာချီလိတ်ပွဲရုံများမှတဆင့် ထိုင်းနိုင်ငံသို့ စတင်ပို့ဆောင်နေပြီး၊ ပြည်တွင်းမြို့ကြီးများသို့ အောင်ပန်းပွဲရုံများ၊ တောင်ကြီးမြို့ရှိ သီးနှံရောင်းဝယ်လုပ်ငန်းများမှ တင်ပို့ကြပြီး ဒေသတွင်းဈေးနှုန်းအနေဖြင့် တစ်ပိဿာလျှင် (၅၀၀ မှ ၁၀၀၀)ကျပ်ခန့်ရှိကြောင်း သိရသည်။

ယခင်(၂၀၂၀-၂၀၂၁)ဘဏ္ဍာနှစ်အတွင်း ထောပတ်သီးများပြည်ပတင်ပို့မှုအနေဖြင့် ပင်လယ်ရေကြောင်းနှင့်နယ်စပ်ကုန်သွယ်မှုများမှ တန်ချိန်(၂၃၈၃.၇၄၀) ခန့် တန်ဖိုးအနေဖြင့် အမေရိကန် ဒေါ်လာ(၀.၅၆၂)သန်းရှိပြီး တာချီလိတ်နယ်စပ်မှ ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ ကြောင်းကုန်သွယ်ရေး စာရင်းများအရသိရသည်။

ရှမ်းပြည်နယ်တောင်ပိုင်း၌ ထောပတ်သီးများကို ဧကလိုက်စိုက်ပျိုးမှုများပြားပြီး ထွက်ရှိမှုမှာတစ်နှစ်ထက်တစ်နှစ် ပိုမိုထွက်ရှိမည့်အတွက် မြန်မာနိုင်ငံထောပတ်သီးအသင်းမှ ဦးဆောင်၍ မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ ပြည်ပဈေးကွက်များသို့ တင်ပို့နိုင်ရန်အတွက် မြန်မာ့ GAP, Global GAP လက်မှတ်ရရှိအောင်ဆောင်ရွက်ထားရှိပြီး ဈေးကွက်ရရှိရန် ဖွံ့ဖြိုးမှုမိတ်ဖက်အဖွဲ့များ၏အကူအညီဖြင့် ထိုင်းနိုင်ငံ၌ကျင်းပပြုလုပ်သည့် Thai FEX ကုန်စည် ပြပွဲတွင်ပါဝင်ပြသခြင်း၊ ဥရောပဈေးကွက်အတွက် ပြင်သစ်နိုင်ငံ၌ပြုလုပ်သည့် SIAL ကုန်စည် ပြပွဲတွင် မြန်မာနိုင်ငံထောပတ်အသင်းမှ ဦးဆောင်၍ သွားရောက်ပြသခြင်း၊ Online မှ ကျင်းပပြုလုပ်သည့် တတိယအကြိမ် “မြန်မာ(လားရှိုး)- တရုတ်(လင်ချန်း) နယ်စပ်စီးပွားရေးနှင့် ကုန်စည်ပြပွဲတွင် ရှမ်းပြည်နယ်ရှိ အများပိုင်ကုမ္ပဏီမှ ပါဝင်ပြသ၍ တရုတ်ဈေးကွက်သို့ ဝင်ရောက်နိုင်ရန် ကြိုတင်မိတ်ဆက်ခြင်းနှင့် Asia Fruit Logistics 2022 ကုန်စည်ပြပွဲများသို့ ပါဝင်ပြသ၍ ကုန်ပစ္စည်းမိတ်ဆက်ခြင်းများနှင့် ဈေးကွက်များရရှိအောင် အသင်းမှဆောင်ရွက် လျက်ရှိသည့်အတွက် တောင်သူများအကျိုးကျေးဇူးရရှိ နိုင်မည့်ဖြစ်ကြောင်းသိရသည်။

ကမ္ဘောဇကုန်သွယ်မှုဗဟိုဌာန၊ တောင်ကြီးမြို့

Category: Local News